မာတိကာသို့ ခုန်သွားရန်

သီတင်းကျွတ်ပွဲတော်

ဝီကီပီးဒီးယား မှ
သီတင်းကျွတ်ပွဲတော်
တရားဝင်အမည်သီတင်းကျွတ်မီးထွန်းပွဲတော်
အခြားအမည်များမီးထွန်းပွဲတော်၊ တာဝတိံသာပွဲ၊ မီးမြင်းမိုရ်ပွဲ
လိုက်နာကျင့်သုံးသူများမြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာဝင်များ
အမျိုးအစားမြန်မာ့ရိုးရာပွဲတော်
အရေးပါမှုဗုဒ္ဓမြတ်စွာဘုရား တာဝတိံသာနတ်ပြည်မှ လူ့ပြည်သို့ ပြန်လည်ကြွချီဆင်းသက်သည့် အထိမ်းအမှတ်
ကျင်းပမှုများဆီမီးထွန်းညှိပူဇော်ခြင်း၊ မီးပုံးပျံလွှတ်တင်ခြင်း၊ မီးရှူးမီးပန်းပစ်ခြင်း၊နိဗ္ဗာန်ဈေးပွဲအလှူတော်များကျင်းပခြင်း၊ ဗုဒ္ဓပူဇနိယဘုရားပွဲတော်များကျင်းပခြင်း
လိုက်နာမှုများဘုရားစေတီများနှင့် ဘုန်းကြီးကျောင်းများသို့ သွားရောက်၍ ဆီမီးပူဇော်ခြင်း၊ သက်ကြီးရွယ်အိုများအား ကန်တော့ခြင်း၊ အလှူအတန်းပြုလုပ်ခြင်း၊ သီတင်းကျွတ်လပြည့်နေ့တွင် ဥပုသ်သီလဆောက်တည်ခြင်း
ရက်စွဲမြန်မာပြက္ခဒိန် သီတင်းကျွတ်လဆန်း(၁၄)ရက်(အဖိတ်နေ့)၊သီတင်းကျွတ်လပြည့်နေ့ နှင့် သီတင်းကျွတ်လပြည့်ကျော်တစ်ရက် အပါအဝင် စုစုပေါင်း ၃ ရက်)

သီတင်းကျွတ်မီးထွန်းပွဲတော် (အင်္ဂလိပ်: Thadingyut Festival) သည် မြန်မာနိုင်ငံ၏ အထွတ်အမြတ်ထားရာ ရိုးရာအစဉ်အလာနှင့် ဘာသာရေးဆိုင်ရာ ပွဲတော်တစ်ခုဖြစ်ပြီး "မီးထွန်းပွဲတော်"ဟုလည်းခေါ်သည်။ ဤပွဲတော်ကို မြန်မာပြက္ခဒိန်၏ သတ္တမမြောက်လဖြစ်သော သီတင်းကျွတ်လပြည့်နေ့တွင် ကျင်းပလေ့ရှိသည်။ ဗုဒ္ဓဘာသာဝင်များအတွက် ဝါတွင်းသုံးလကာလ အဆုံးသတ်ချိန်တွင် ကျင်းပသည့် အထွတ်အမြတ်ပွဲတော်လည်း ဖြစ်သည်။ သီတင်းကျွတ်လပြည့်နေ့ကို "အဘိဓမ္မာအခါတော်နေ့" ဟုလည်း သတ်မှတ်ခေါ်ဝေါ်ကြပြီး၊ မြတ်စွာဘုရား တာဝတိံသာနတ်ပြည်မှ လူ့ပြည်သို့ ပြန်လည်ကြွချီဆင်းသက်တော်မူသည့် အထိမ်းအမှတ်အဖြစ် ဆီမီးများထွန်းညှိ ပူဇော်ကြခြင်း ဖြစ်သည်။ ဤပွဲတော်ကာလသည် မိဘဆရာသမားများအား ကန်တော့၍ ကျေးဇူးဆပ်ခြင်း၊ ခွင့်လွှတ်ခြင်းနှင့် ချစ်ခြင်းမေတ္တာများ ဖြာဝှန်းရာ အခါသမယလည်း ဖြစ်ပေသည်။

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

မိုးရာသီကုန်ဆုံး၍ သာယာသော သီတင်းကျွတ်လသည် မြန်မာလများအနက် (၇)လမြောက်ဖြစ်ပြီး စက်တင်ဘာလမှ အောက်တိုဘာလအတွင်းတွင် ကျရောက်လေ့ရှိသည်။ ဗုဒ္ဓမြတ်စွာဘုရား၏ မယ်တော်ဖြစ်သော မယ်တော်မာယာဒေဝီသည် ဘုရားရှင် ဖွားမြင်တော်မူပြီး ခုနစ်ရက်အကြာတွင် ကွယ်လွန်ကာ တာဝတိံသာနတ်ပြည်၌ သန္တုဿိတနတ်သားအဖြစ် ပြန်လည်မွေးဖွားခဲ့သည်။ မိခင်ကျေးဇူးကို ဆပ်သည့်အနေဖြင့် မြတ်စွာဘုရားသည် ဝါတွင်းသုံးလပတ်လုံး တာဝတိံသာနတ်ပြည်သို့ ကြွရောက်၍ မယ်တော်နတ်သားအမှူးရှိသော နတ်ဗြဟ္မာများအား အဘိဓမ္မာတရားတော်ကို ဟောကြားတော်မူခဲ့သည်။

သီတင်းကျွတ်လပြည့်နေ့တွင် မြတ်စွာဘုရားသည် လူ့ပြည်သို့ ပြန်လည်ကြွချီတော်မူလာချိန် ဖြစ်ပါသည်။ ထိုအခါ တာဝတိံသာနတ်ပြည်၏ အရှင်သခင် သိကြားမင်းသည် နတ်များနှင့် ဗြဟ္မာများအား ဘုရားရှင်အတွက် တန်ဖိုးကြီးသော ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်း သုံးစင်းကို ဖန်ဆင်းပူဇော်စေခဲ့သည်။ မြတ်စွာဘုရားသည် အလယ်ရှိ ပတ္တမြားစောင်းတန်းဖြင့် ဆင်းသက်တော်မူပြီး လက်ယာဘက်ရှိ ရွှေစောင်းတန်းမှ နတ်ဒေဝတာများက လိုက်ပါကြကာ လက်ဝဲဘက်ရှိ ငွေစောင်းတန်းမှ ဗြဟ္မာများက ခြံရံလိုက်ပါကြသည်။ ထိုသို့ မြတ်စွာဘုရား လူ့ပြည်သို့ ပြန်လည်ကြွချီဆင်းသက်တော်မူသည့် အထိမ်းအမှတ်အဖြစ် သီတင်းကျွတ်လပြည့်နေ့ကို အဘိဓမ္မာအခါတော်နေ့အဖြစ် သတ်မှတ်ကာ ဆီမီးများထွန်းညှိ ပူဇော်ကြိုဆိုခြင်းအလေ့အထ ဖြစ်ပေါ်လာခဲ့သည်။ ပိဋကတ်စာပေများ၌ ဘုရားရှင်သည် မယ်တော်မိနတ်သားကို ကျေးဇူးဆပ်သောအနေဖြင့် အဘိဓမ္မာဒေသနာတော်ကို ဝါတွင်းကာလတွင် တာဝတိံသာနတ်ပြည်၌ ဟောကြားတော်မူပြီး ဝါကျွတ်သောအခါ လူ့ပြည် သင်္ကဿနဂိုရ်သို့ ဆင်းသက်တော်မူရာတွင် လူများက ကြိုဆို၍ မီးထွန်းညှိပူဇော်ခြင်းကို အစပြုခဲ့သည်ဟု ဖော်ပြထားသည်။

ရဟန်းတော်များအတွက် သီတင်းကျွတ်လပြည့်နေ့သည် ဝါတွင်းသုံးလကာလ အဆုံးသတ်၍ ဝါကျွတ်သောနေ့လယ်းဖြစ်သည်။ အပြစ်ရှိကပါက ဝန်ချတောင်းပန်နိုင်ရန် အချင်းချင်း ဖိတ်ကြားခြင်းအမှု (ပဝါရဏာနေ့) ပြုကြသောနေ့လယ်း ဖြစ်သည်။ တိုတောင်းစွာ သတ်မှတ်ထားသော တိကျသော အချိန်အပိုင်းအခြားဖြင့် ဝါတွင်းကာလသည် လေးလံထိုင်းမှိုင်းသည့် မိုးတွင်းကာလနှင့်အတူ ရှိနေရာမှ ပျော်ရွှင်စရာ ပွဲတော်များအဖြစ် ပြောင်းလဲလိုက်လေပြီ။ တားမြစ်ပိတ်ပင်ထားသော မင်္ဂလာပွဲများကိုလည်း ဤကာလမှစ၍ ကျင်းပခွင့်ရလေပြီ ဖြစ်လေသည်။ လူများသည် ထိုနေ့တွင် မိမိထက် အသက်ကြီးသူများနှင့် မိဘ၊ ဆရာသမားများကို ဂါဝရပြုကန်တော့၍ အဆုံးအမများကို နာကြားကာ အပြစ်များရှိပါကလည်း ကျေစေသည်ဟု ယူဆသော ဓလေ့လည်း ရှိသည်။

ဤသို့ ဘာသာရေးအရ အထွတ်အမြတ်ထားရာ သီတင်းကျွတ်မီးထွန်းပွဲတော်ကို မြန်မာမင်းများလက်ထက်တွင်လည်း နိုင်ငံတော်ပွဲသဘင်အဖြစ် ခမ်းနားစွာ ဆင်ယင်ကျင်းပခဲ့ကြသည်။ မန္တလေးရတနာပုံခေတ် သီပေါမင်းလက်ထက် မီးထွန်းပွဲသဘင် ကျင်းပပုံမှတ်တမ်းများအရ ရှို့လွှတ်မြဲ မီးမျိုးစုံများကို မဟာလောကမာရဇိန်ဘုရားနှင့် မာန်အောင်ရတနာဘုရားနှစ်ဆူတွင် ခွဲဝေရှို့လွှတ်ပူဇော်ခဲ့ကြောင်း တွေ့ရသည်။ နှစ်စဉ်ထွန်းလင်းပူဇော်မြဲ တစ်ဆယ့်ခြောက်ဌာနအပြင် အရှင်နှစ်ပါး နံတော်သင့် ဘုရားများပါ စုစုပေါင်း တစ်ဆယ့်ရှစ်ဌာနဘုရားများတွင် မီးစောင်းတန်းများ ထွန်းလင်းပူဇော်ရာ၌ မှူးကြီးမတ်ကြီးများနှင့် မှူးတော်မတ်တော် အရာရှိတို့က ခွဲဝေသွားရောက်ကြီးကြပ်၍ ပွဲသဘင်ခင်းကျင်း ထွန်းလင်းပူဇော်ခဲ့ကြသည်။

ထိုတစ်ဆယ့်ရှစ်ဌာနများသို့ မီးထွန်းလင်း လမ်းလျှောက်၍ တီးမှုတ်ထမ်းရွက်စေရန် သေနတ်၊ အမြောက်၊ ဝင်း၊ ဒိုင်း၊ လှေ၊ ဘောင်၊ ရပ်ကွက်များက အသီးသီးထွက်သည့် အိုးစည်၊ ဒိုးပတ်၊ ပုံထောင်၊ မောင်း တီးမှုတ်သူတို့ကို တစ်ကိုယ်လျှင် ငွေဒင်္ဂါးငါးပြားကျစီ သနားတော်မူခဲ့သည်။ ယင်းနေ့တွင် ရွှေနန်းတော်၊ မြေနန်းတော်တောင်ဘက်၌ တစ်ဆယ့်ခြောက်ဌာနဝင်္ကပါနှင့် စက္ကနန္ဒာဝင်္ကပါများကို တည်ဆောက်လုပ်ကိုင်ရသည်။ လပြည့်ကျော် ခုနစ်ရက်နေ့တွင် မြေနန်းတော်တောင်ဘက်ရှိ သောဠသဝင်္ကပါကို ပြီးပြေအောင်လုပ်ဆောင်၍ မီးများထွန်းလင်းစေပြီးလျှင် အရှင်နှစ်ပါးကိုယ်တိုင် ထွက်စံတော်မူလေ့ရှိကြောင်း သမိုင်းမှတ်တမ်းများတွင် ခမ်းနားစွာ တွေ့ရှိရသည်။[၁][၂][၃]

ပွဲတော်ကျင်းပပုံ

[ပြင်ဆင်ရန်]

သီတင်းကျွတ်မီးထွန်းပွဲတော်ကို သီတင်းကျွတ်လဆန်း (၁၄) ရက်နေ့ (အဖိတ်နေ့)၊ သီတင်းကျွတ်လပြည့်နေ့နှင့် သီတင်းကျွတ်လပြည့်ကျော် (၁) ရက်နေ့တို့တွင် အနည်းဆုံး (၃) ရက်တာ တေးဂီတနှင့် အကများဖြင့် ပျော်ရွှင်ဖွယ်ရာ ကျင်းပလေ့ရှိကြသည်။ဗုဒ္ဓဘာသာဝင်များသည် မြတ်စွာဘုရားနှင့် တပည့်သံဃာတော်များအား ကြိုဆိုဂုဏ်ပြုရန် လမ်းများ၊ အိမ်များနှင့် အများပြည်သူဆိုင်ရာ အဆောက်အအုံများကို ရောင်စုံမီးလုံးများ သို့မဟုတ် ဖယောင်းတိုင်များဖြင့် အလှဆင်ထွန်းညှိကြသည်။ ထိုသို့ထွန်းညှိသော မီးများသည် မြတ်စွာဘုရား ဆင်းသက်တော်မူရာ လှေကားသုံးစင်းကို ကိုယ်စားပြုသည်ဟု ယုံကြည်ကြသည်။ ကလေးများမှာ ဗြောက်အိုးများ၊ မီးရှူးမီးပန်းများ ပစ်ဖောက်ဆော့ကစားလေ့ရှိကြပြီး လူကြီးများမှာမူ မီးပုံးပျံများလွှတ်တင်ခြင်း၊ ဆီမီးပူဇော်ခြင်းများဖြင့် မြတ်စွာဘုရားရှင်အား ပူဇော်လေ့ရှိကြသည်။

ဗုဒ္ဓဘာသာဝင်များသည် ပွဲတော်ကာလအတွင်း ဘုရားစေတီများနှင့် ဘုန်းကြီးကျောင်းများသို့ သွားရောက်၍ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးအား ပူဇော်ကန်တော့ခြင်း၊ သံဃာတော်များအား ဆွမ်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်းများ ပြုလုပ်ကြသည်။ အချို့သော ဗုဒ္ဓဘာသာဝင်များသည် လပြည့်နေ့တွင် ဥပုသ်သီလ ဆောက်တည်လေ့ရှိကြသည်။ ရှမ်းပြည်နယ်ဘက်တွင် မီးပုံးများကိုင်ဆောင်၍ မီးကြာလှည့်ခြင်းများပြုကာ စေတီနှင့် ဘုန်းကြီးကျောင်း ဓမ္မာရုံများကို လှည့်လည်ပူဇော်ခြင်း ပြုကြသည်။

ဂါရဝပြုကန်တော့ခြင်း

[ပြင်ဆင်ရန်]

သီတင်းကျွတ်အခါသမယသည် ရပ်ဝေးတွင် သွားရောက်အလုပ်လုပ်ကိုင်နေသောသူများ မိဘဘိုးဘွားများရှိရာသို့ ပြန်လာ၍ ကျေးဇူးဆပ်ပူဇော်ကန်တော့ကြသော ကာလဖြစ်သည်။ လူငယ်များသည် မိဘများ၊ ဆရာသမားများနှင့် သက်ကြီးရွယ်အိုဆွေမျိုးများအား သစ်သီးဝလံများနှင့် အခြားလှူဖွယ်လက်ဆောင်ပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ ကန်တော့ (ဂါရဝပြု) ကြသည်။

ကန်တော့သည့်အခါ လူငယ်များသည် တစ်နှစ်ပတ်လုံး ပြစ်မှားမိခဲ့သမျှသော ကာယကံ၊ ဝစီကံ၊ မနောကံ အမှားများအတွက် ခွင့်လွှတ်ပေးပါရန် တောင်းပန်လေ့ရှိကြသည်။ အစဉ်အလာအရ အသက်ကြီးသူများသည် လူငယ်များ၏ အမှားများကို ခွင့်လွှတ်ကြောင်း ပြောဆိုပြီး ကောင်းချီးမင်္ဂလာများ၊ ဆုမွန်ကောင်းများ ပေးကာ မုန့်ဖိုး သို့မဟုတ် ငွေကြေးများ ပြန်လည်ပေးလေ့ရှိကြသည်။ ညီငယ်၊ ညီမငယ်များကလည်း အစ်ကို၊ အစ်မကြီးများအား ကန်တော့လေ့ရှိပြီး၊ အပြန်အလှန်အားဖြင့် အစ်ကို၊ အစ်မများက ကံကောင်းခြင်း ဆုတောင်းပေးကာ မုန့်ဖိုးငွေများ ပြန်လည်ပေးကြသည်။

ဘုရားများတွင် ဆီမီးပူဇော်ခြင်း

[ပြင်ဆင်ရန်]

သီတင်းကျွတ်လပြည့်နေ့ရောက်တိုင်း မြန်မာနိုင်ငံအနှံ့အပြားရှိ တန်ခိုးကြီးဘုရားစေတီများ၌ ဆီမီးပူဇော်ပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိကြသည်။ အထူးသဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် သီတင်းကျွတ်လဆန်း(၁၄)ရက် အဖိတ်နေ့မှစ၍ လျှပ်စစ်မီးစေတီများ လှည့်လည်ပူဇော်ပွဲနှင့် ဆီမီး ၁၁,၁၁၁ ထွန်းညှိပူဇော်သည့် အစဉ်အလာရှိပြီး၊ လပြည့်နေ့ညပိုင်း၌ စေတီတော်ရင်ပြင်ပတ်လည်တွင် ဆီမီး ၁၀,၀၀၀ ကျော်ကို ထပ်မံထွန်းညှိပူဇော်ကြသည်။ ထို့ပြင် ပြည်သူ့ရင်ပြင်၌ ဈေးရောင်းပွဲတော်၊ ဂီတဖျော်ဖြေပွဲများနှင့် မီးရှူးမီးပန်းပစ်ဖောက်ခြင်းများဖြင့် အထူးစည်ကားလေ့ရှိသည်။ ရန်ကုန်မြို့ရှိ အခြားတန်ခိုးကြီးဘုရားတစ်ဆူဖြစ်သော ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်တွင်လည်း လပြည့်ည၌ ဆီမီး ၉,၀၀၀ ထွန်းညှိပူဇော်ပွဲကို ခမ်းနားစွာ ကျင်းပလေ့ရှိသည်။

မန္တလေးမြို့ရှိ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးတွင်လည်း လပြည့်နေ့ နံနက်အစောပိုင်းမှစ၍ မျက်နှာတော်သစ်ခြင်း၊ ရွှေသင်္ကန်းကပ်လှူခြင်း၊ ပန်း၊ ဆီမီး၊ ဆွမ်းခဲဖွယ်များ ဆက်ကပ်လှူဒါန်းခြင်းများ ပြုလုပ်ကြပြီး ညပိုင်းတွင် ဂေါပကအဖွဲ့နှင့် ဘုရားဖူးပြည်သူများပူးပေါင်းကာ ဆီမီး ၄၀,၀၀၀ ဖြင့် ထွန်းညှိပူဇော်ကြသည်။ အလားတူ ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ သမိုင်းအထင်ကရဘုရား ၁၈ ဆူတွင်လည်း ရိုးရာမပျက် ဆီမီးပူဇော်ပွဲများ ကျင်းပကြရာ ရွှေစည်းခုံစေတီတော်အား ဆီမီးတစ်သောင်းခွဲ၊ တုရင်တောင်စွယ်တော်မြတ်စေတီတော်ကြီးနှင့် လောကနန္ဒာစွယ်တော်မြတ်စေတီတို့အား ဆီမီးတစ်သောင်းစီ၊ ဗူးဘုရားကြီးအား ဆီမီး ၁,၅၀၀ စသည်ဖြင့် ဘုရားတစ်ဆူချင်းစီအလိုက် သတ်မှတ်အရေအတွက်များဖြင့် စည်ကားစွာ ပူဇော်လေ့ရှိကြသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ အခြားသော တန်ခိုးကြီးဘုရားများတွင်လည်း ဒေသအလိုက် ရိုးရာဆီမီးပူဇော်ပွဲများကို ကျင်းပကြသည်။ မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကမာဝက်မြို့ရှိ ဆံတော်ရှင် ကျိုက်ဇယ်စေတီတော်၌ ဒေသခံများက မီးဗန်းများ ကိုင်ဆောင်လှည့်လည်ပူဇော်သည့် မွန်ရိုးရာ ဆီမီးပူဇော်ပွဲနှင့် မီးပုံပျံလွှတ်တင်ခြင်းများကို ပြုလုပ်ကြသည်။ ထို့အတူ ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်ရှိ အရှေ့မဟာဗုဒ္ဓဘုရားကြီးစေတီတော်တွင် နံနက်အစောပိုင်းမှစ၍ ဆွမ်းတော်ကြီးတင်လှူပွဲနှင့် ဆီမီးပူဇော်ပွဲများ ကျင်းပကြသည်။ ထူးခြားချက်အနေဖြင့် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်ရှိ အင်းတော်ကြီး ရွှေမဉ္စူရေလယ်ဘုရား၌ အင်းရေပြင်တွင် ဆီမီး ၁,၅၀၀ မျှောပူဇော်ပွဲကို ကျင်းပလေ့ရှိပြီး၊ ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ လောကနန္ဒာစေတီတော်မြတ်ကြီး ရင်ပြင်၌လည်း ဆီမီး ၁၀,၀၀၀ ထွန်းညှိပူဇော်ပွဲနှင့် မီးပုံပျံလွှတ်တင်ပူဇော်ပွဲများကို ကျင်းပလေ့ရှိကြသည်။

သီတင်းကျွတ် မီးထွန်းပွဲတော် ရိုးရာစားသောက်ဖွယ်ရာများ

[ပြင်ဆင်ရန်]

သီတင်းကျွတ်မီးထွန်းပွဲတော်ကာလများတွင် မြန်မာလူမျိုးတို့သည် ဘုရားကျောင်းကန်များသို့ သွားရောက်၍ ကုသိုလ်ကောင်းမှု ပြုကြရင်း မိသားစု၊ မိတ်ဆွေသူငယ်ချင်းများနှင့်အတူ စုဝေးစားသုံးရန် မြန်မာ့ရိုးရာမုန့်များနှင့် စားသောက်ဖွယ်ရာများကို ပြင်ဆင်စားသုံးလေ့ရှိကြသည်။ထင်ရှားသောမြန်မာ့ရိုးရာ မုန့်ပဲသရေစာများမှာ အောက်ပါအတိုင်း ဖြစ်သည် -

ဓာတ်ပုံများ

[ပြင်ဆင်ရန်]

ဆက်စပ်ဖတ်ရှုရန်

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. ↑ Festivals - Thadingyut။ Myanmar National Portal။ 16 September 2026 တွင် ပြန်စစ်ပြီး။ [လင့်ခ်သေ]
  2. ↑ Festival of Light (Thadingyut Festival)။ Ministry of Hotels and Tourism, Myanmar။ 16 September 2026 တွင် ပြန်စစ်ပြီး။
  3. ↑ Thadingyut Festival။ Shwedagon Pagoda Board of Trustees။ 24 May 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 September 2026 တွင် ပြန်စစ်ပြီး။